International News

၂၀၁၉ ခုနှစ်တွင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု( FDI) ဝင်ရောက်မှုကျဆင်းခဲ့သော်လည်း စင်ကာပူတွင် ၄၂ ရာခိုင်နှုန်းအထိတိုးတက်ခဲ့

Last Updated:

           ၂၀၁၉ ခုနှစ်တွင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ( FDI) ဝင်ရောက်မှုသည် အမေရိကန် ၁.၃၉ ထရီလီယံသို့ ကျဆင်းခဲ့ကြောင်း၊ အမေရိကန်နိုင်ငံ၏ ၂၀၁၇ ခုနှစ် အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှု များ၏ အကျိုးသက်ရောက်မှုကြောင့် ၂၀၁၈ ခုနှစ်တွင် အမေရိကန် FDI စီးထွက်မှုနှင့် ကမ္ဘာ့ FDI စီးဆင်းမှုအခြေအနေ တို့ကို နှေးကွေးစေခဲ့ပြီး၊ ၂၀၁၉ ခုနှစ်တွင်လည်း ကျဆင်းမှုဆက်လက်ဖြစ်ပေါ်စေခဲ့ကြောင်း၊ သို့သော် ၂၀၂၀ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေးတိုးတက်မှုအတန်အသင့် ကောင်းမွန်လာပြီး FDI စီးဆင်းမှုမှာ အနည်းငယ် မြင့်တက် လာဖွယ်ရှိ ကြောင်း ကမ္ဘာ့ကုလသမဂ္ဂကုန်သွယ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုညီလာခံ (United Nations Conference on Trade and Development –UNCTAD) က ပြောကြားပါသည်။

          ကုန်သွယ်ရေးတင်းမာမှုများနှင့် ကမ္ဘာ့စီးပွားရေးနှေးကွေးမှုတို့ကြောင့် ကမ္ဘာ့ FDI ဝင် ရောက်မှုပမာဏသည် လျှော့ကျခဲ့သော်လည်း ၂၀၁၉ ခုနှစ်တွင် စင်ကာပူသို့ FDI ဝင်ရောက်မှုမှာ အမေရိကန်ဒေါ်လာ ၁၁၀ ဘီလီယံဖြင့် ယခင်နှစ်တွင် ရရှိခဲ့သည့် အမေရိကန်ဒေါ်လာ ၇၈ ဘီလီယံ ထက် ၄၂ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ပါသည်။ အဓိက ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခဲ့သော ကဏ္ဍမှာ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးကဏ္ဍတွင်ဖြစ်ပါသည်။ ထို့ပြင် အာဆီယံရှိ အင်ဒိုနီးရှား သို့ FDI ဝင်ရောက်မှုသည် အမေရိကန်ဒေါ်လာ ၂၄ ဘီလီယံဖြင့် ၁၂ ရာခိုင်နှုန်း တိုးတက် ရရှိခဲ့ကြောင်း၊ အာဆီယံဒေသတစ်ခုလုံးအနေဖြင့် FDI ဝင်ရောက်မှုမှာ အမေရိကန်ဒေါ်လာ ၁၇၇ ဘီလီယံဖြင့် ၁၉ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။

          UNCTAD ၏ စာရင်းအရ ၂၀၁၉ ခုနှစ်တွင် ကမ္ဘာ့ FDI စီးဆင်းမှု နှေးကွေးခဲ့သော်လည်း စင်ကာပူသည် ကမ္ဘာတွင် တတိယမြောက် FDI ဝင်ရောက်မှု အများဆုံးနိုင်ငံဖြစ်ခဲ့ပါသည်။ အမေရိကန်နိုင်ငံမှာ ၂၀၁၈ ခုနှစ်တွင် FDI အမေရိကန် ဒေါ်လာ ၂၅၄ ဘီလီယံရရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၅၁ ဘီလီယံသို့ အနည်းငယ်ကျ ဆင်းခဲ့ သော်လည်း ကမ္ဘာတွင် FDI ဝင်ရောက်မှုအများဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်လျက်ရှိပါသည်။ တရုတ်နိုင်ငံသည် FDI အမေရိကန်ဒေါ်လာ ၁၄၀ ဘီလီယံဖြင့် ဒုတိယအများဆုံးနေရာတွင် ရပ်တည်ခဲ့ပါသည်။ အမေရိကန်နှင့်တရုတ် ကုန်သွယ်ရေးအငြင်းပွားမှုနှင့် ဟောင်ကောင်တွင် အစိုးရအပေါ် ဆန့်ကျင် ဆန္ဒပြမှု အခြေအနေများက FDI စီးဆင်းမှုလမ်းကြောင်းကို ပြောင်းလဲစေခဲ့သည့်အတွက် ဟောင်ကောင်သည် ၂၀၁၈ ခုနှစ်တွင် FDI အမေရိကန်ဒေါ်လာ ၁၀၄ ဘီလီယံဖြင့် တတိယ အများဆုံးဖြစ်ခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅၅ ဘီလီယံအထိ တစ်ဝက်ကျော်  ကျဆင်းခဲ့ပြီး ဆဌမမြောက်နေရာသို့ လျှောဆင်းသွားပါသည်။ ဗြိတိန်မှာ Brexit ကိစ္စဖြင့် FDI ဝင်ရောက်မှု အမေရိကန်ဒေါ်လာ ၆၁ ဘီလီယံသို့ ကျဆင်းခဲ့သော်လည်း ပဉ္စမနေရာသို့ တစ်ဆင့် မြင့်တက်ခဲ့ပါသည်။

          ဖွံ့ဖြိုးဆဲနိုင်ငံများ၏ FDI ဆွဲဆောင်မှုသည် FDI တစ်ဝက်ကျော်ကိုရရှိခဲ့ကြောင်း၊ လက်တင်အမေရိကနှင့် Caribbean သို့ ၁၆ ရာခိုင်နှုန်းနှင့် အာဖရိကသို့ ၃ ရာခိုင်နှုန်းတိုးတက်ခဲ့ ကြောင်း၊ ဟောင်ကောင်အပါအဝင် အရှေ့ အာရှသို့ FDI စီးဝင်မှုမှာ ၂၁ ရာခိုင်နှုန်းဘ ကျဆင်း ခဲ့ကြောင်း၊ တောင်ကိုရီးယားသို့ FDI ဝင်ရောက်မှုမှာ အမေရိကန်ဒေါ်လာ ၇.၈ ဘီလီယံဖြင့် ၄၆ ရာခိုင်နှုန်းအထိကျဆင်းခဲ့ကြောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများသို့ FDI ကျဆင်းမှုသည် အမေရိကန်ဒေါ်လာ ၆၄၃ ဘီလီယံဖြင့် ၆ ရာခိုင်နှုန်းလျော့နည်းခဲ့ကြောင်းဖော်ပြထားပါသည်။

          UNCTAD ၏ခန့်မှန်းစာရင်းအရ ၂၀၁၉ ခုနှစ်တွင် FDI ဝင်ရောက်မှုအများဆုံး(၁၀) နိုင်ငံမှာအမေရိကန်၊ တရုတ်၊ စင်ကာပူ၊ ဘရာဇီး၊ ဗြိတိန်၊ ဟောင်ကောင်၊ ပြင်သစ်၊ အိန္ဒိယ၊ ကနေဒါနှင့် ဂျာမနီနိုင်ငံတို့ဖြစ်ကြောင်းသိရှိရပါသည်။          

 

သတင်းရင်းဖြစ်။        ။The Business Times

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

 

Category: International News